Saturday, August 18, 2012

မျက်ဝန်းစကား


၁၉၉၈ ခုနှစ်လောက်က အမျိုးများရှိရာရွာသို့မကြာခနရောက်ဖြစ်သည်။ အမျိုးတွေက ရွာ နှစ်ရွာမှာနေကြသည်။ အရှေ့ရွာနှင့်အနောက်ရွာ။ သိပ်တော့မဝေးလှ။ ချောင်းတစ်ခုသားခြားထားသည်။ ခု နေပြည်တော်ဖြစ်သွားတော့ တံတားထိုးထားတာတွေ့ရသည်။ ထိုစဉ်ကတော့ မိုးတွင်းဆို ဖောင်စီးပြီးသွားရသည်။ ဖောင်ကလည်းတစ်စီးသားရှိသည်။ ဆွဲသူကလည်းတစ်ယောက်ထဲ။ ချောင်းကမ်းစပ်တွင် တဲထိုးနေသော မိသားစုမှသားကြီးဖြစ်သူလူငယ်လေးက ဖောင်ဆွဲခြင်းဖြစ်သည်။
နွေရာသီတွင်တော့ သဲများသာရှိသဖြင့် လမ်းလျှောက်သွားရုံသာ။ နွေတစ်ရက်တွင် အရှေ့ရွာမှ အနောက်ရွာသို့ ချောင်းကိုဖြတ်ပြီးကူးလာခဲ့သည်။ ချောင်းကမ်းပါးဘေးရှိတဲအိမ်လေးရှေ့သို့ရောက်သောအခါ အမျိုးသမီးတစ်ဦးက ထွက်နှုတ်ဆက်သည်။ သိနေ၍မဟုတ်ဘဲ မြို့မှလာသည့် ဧည့်သည်မို့ အထူးအဆန်းထွက်နှုတ်ဆက်ခြင်းဖြစ်သည်။ ထိုစဉ်က ကျမသည် ဆရာမ မဟုတ်သေးသော်လည်း အမျိုးသမီးကြီးးက ကျမကို ဆရာမဟု တွင်တွင်ခေါ်ကာစကားပြောသည်။
စကားပြောနေရင်း သူမတွင် မကြာမီရက်ပိုင်းအတွင်း ဆယ်တန်းဖြေဆိုမည့်သားတစ်ယောက်ရှိကြောင်းသိရသဖြင့်အံသြသွားသည်။
ချောင်းကမ်းပါးစပ်မှာ တဲထိုးနေပြီး မိုးတွင်းမှာ ဖောင်ဆွဲတတ်သည့် လူငယ်လေးသည် ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်မည်ဟုတ်ထင်မထားမိခဲ့ပေ။
သူမက ဆက်ပြောသည်။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားထုတ်ရန် ငွေ ၂၀၀ ကျပ်မရှိ၍ အခက်အခဲဖြစ်နေကြောင်းသိရသည်။
ထိုစဉ်က ငွေ ၂၀၀ ကျပ်သည် အတော်အတန် တန်ဘိုးရှိသည်မှန်သော်လည်း သာမန်လူတန်းစားအတွက်တော့ ဒီငွေလောက်ကို ဒီလိုလူငယ်လေးတစ်ယောက်ကို ကူညီရန်ခက်ခဲလှမည်မဟုတ်။ ဒါပေမယ့် ဘာကြောင့်များ ခက်ခဲနေရပါလိမ့်။ ကျမက  လူငယ်လေးအတွက် ငွေ ၂၀၀ ကျပ်ကို ချက်ချင်းပင်ထုတ်ပေးလိုက်သည်။ အမျိုးသမီးကြီးသည် အလွန်ပင် ၀မ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်။ ကျမ က လူငယ်လေးအတွက် အင်္ကျီတစ်ထည်ကိုပါပေးခဲ့သည်။ အမျိုးသမီးကြီးမှာ ပညာမတတ်ရှာသည့် ရွာသူတစ်ဦးသာဖြစ်၍ ကျေးဇူးတင်ပါတယ် ဟုပင်ပြောရကောင်းမှန်းမသိပါ။ သူမ၏မျက်လုံးတွင်တော့မြင်နေရပါသည်။ ထိုနေ့ကလူငယ်လေးကိုတော့မတွေ့ခဲ့ရသော်လည်း သူဆွဲသောဖောင်ကိုစီးဘူးသဖြင့် ရုပ်ကိုတော့မှတ်မိနေပါသည်။
၁၄ နှစ်ခန့်ကြာပြီးနောက် နွေတစ်ရက်တွင် ကျမသည် ထိုရွာသို့ထပ်မံရောက်ရှိသွားခဲ့ပါသည်။
ကျမလမ်းလျှောက်နေခိုက် ဆိုင်ကယ်တစ်စီးကျမနားမှာ ထိုးရပ်လာသည်။ ကျမအလန့်တကြား လှည့်ကြည့်လိုက်ချိန်တွင် တစ်ခါကဖောင်ဆွဲခဲ့သောလူငယ်လေးဖြစ်နေသည်။ သူကကျမကိုတရင်းတနှီးနှုတ်ဆက်ပါသည်။
လွန်ခဲ့သော ၁၄ နှစ်က ဖောင်ဆွဲခဲ့သော နွမ်းပါးသည့် လူငယ်လေးမဟုတ်တော့မှန်းအသွင်အပြင်ကြည့်ရုံနှင့်ပင်သိနေရသည်။
အခြားသူများ၏ပြောပြချက်အရ စီးပွားရေးအောင်မြင်နေကြောင်းသိရသည်။ သူက ကျမကို ဘယ်တော့ပြန်မလဲဟု မေးသည်။ ကျမက နက်ဖန်ပြန်မည်ဟုပြောသောအခါ သူလိုက်ပို့ပေးမည်ဟုပြောသည်။
ကျမက လက်ခံခဲ့သော်လည်း လောက၀တ်အရပြောခြင်းဖြစ်မည်ဟု သတ်မှတ်ကာ မျှော်လင့်ထားခြင်းမရှိခဲ့ပါ။
ကျမပြန်မည့်ရက်တွင် ထမင်းစားနေခိုက်သူရောက်လာသည်။ ကျမကိုလိုက်ပို့ပေးရန်ရောက်လာခြင်းဖြစ်သည်။
ကျမထမင်းစားနေသည့်ဘေးတွင်ထိုင်ပြီး ကျမကိုစောင့်နေသည်။ ထိုအခိုက်တွင် သူ့ထံသို့ဖုန်းများ မကြာခန၀င်လာသည်။ ၀င်လာသည့်ဖုန်းတိုင်းအား သူကယဉ်ကျေးစွာငြင်းပယ်နေသည်။
ည့်သည်ကိုလိုက်ပို့ရမည်ဖြစ်၍ နောက်မှဆက်သွယ်မည့်အကြောင်းသာပြောသည်။
ကျမထမင်းစားနေရာသို့ ကျမ၏ယောင်းမဖြစ်သူလာထိုင်သည်။ ကျမနှင့်အတူလိုက်ပါလာသော လူစိမ်းတစ်ဦးလည်းကျမနှင့်အတူထမင်းစားရင်း ရှိနေသည်။
ထိုအခိုက်တွင် သူက ကျမ၏ယောင်းမဖြစ်သူအားကြည့်ပြီးလေးလေးနက်နက်ပြောချလိုက်သည်။
“ငါ့ အရင်တုန်းက အရမ်းဆင်းရဲတာ ဆယ်တန်းဖြေကာနီးတောင် ကတ်ထုတ်ဘို့ပိုက်ဆံမရှိလို့ ဒုက္ခရောက်လိုက်တာ”
ကျမသူ့ကိုအလန့်တကြားကြည့်မိသည်။
လူအတော်များများသည် အဆင်ပြေအောင်မြင်နေခိုက်တွင် သူတို့၏နိမ်ပါးခဲ့သောဘ၀အစိတ်အပိုင်းများကို ကိုယ်တိုင်မေ့ထားလိုကြသည်။
အခြားသူများကို ပြောပြဘို့ဆိုသည်မှာ မလွှဲသာမရှောင်သာသောအခြေအနေမျိုးမှသာဖြစ်နိုင်သည်။
ခုသူ့ကို ဘယ်သူမှ မေးမြန်းမနေပါဘဲ သူစိမ်းများရှေ့တွင် ထုတ်ဖော်ပြောနေခြင်းဖြစ်၍ ကျမအလန့်တကြားဖြစ်သွားခြင်းဖြစ်သည်။
သူကဆက်ပြောသည်။
“အဲဒီအချိန်မှာ အမ ရောက်လာပြီး ငွေထုတ်ပေးခဲ့တာ၊ အင်္ကျီတစ်ထည်တောင်ပေးခဲ့သေးတယ်”
အမှန်ပြောရလျှင် ငွေပေးခဲ့သည်ကို ကျမမှတ်မိပါသည်။ အင်္ကျီပေးခဲ့သည့်ကို သူပြောမှ ပြန်သတိရသွားခြင်းဖြစ်သည်။
သူက ဒါဘဲပြောပါသည်။ ဒီ့အတွက် ကျမကို သူကျေးဇူးအရမ်းတင်တယ်။ ကျမကျေးဇူးသူ့မှာရှိတယ် ဟုသူမပြောပါ။ သို့သော်ကျမမြင်ပါသည်။ သူ့မိခင်တုန်းကကဲ့သို့ပင် သူ့မျက်လုံးမှ စကားလုံးများကို ကျမဖတ်နိုင်ခဲ့ပါသည်။
ထမင်းစားပြီးတော့ သူကျမ၏အပြန်ခရီးကိုလိုက်ပို့ပေးခဲ့ပါသည်။
ကျမသူ့ကို ငွေပေးခဲ့စဉ်က သူ့ဆီက တစ်ချိန်ချိန်မှာ တစ်ခုခုပြန်ရနိုင်သည့် မျှော်လင့်ချက်မျိုးထားနိုင်သည့် အခြေအနေမဟုတ်ခဲ့ပါ။ ဒါပေမယ့် ကျမပြန်ရခဲ့ပါသည်။ ရုပ်ဝတ္ထုပစ္စည်းများတော့မဟုတ်ပါ။ သူ့မျက်လုံးထဲမှာ ကျမဖတ်ခဲ့ရသည့် စကာလုံးများဖြစ်ပါသည်။ ထိုစကားလုံးများသည် ကျမအတွက် ရုပ်ဝတ္ထုတွေထက်ပိုပြီးတန်ဘိုးကြီးခဲ့ပါသည်။



0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home