ကျမလေးစားသောတပည့်နှစ်ဦး
ဆရာကတပည့်ကိုလေးစားတယ်ဆိုတာ နည်းနည်းတော့ဆန်းနေမယ်ထင်ပါတယ်။
တကယ်တော့ ကျမရဲ့ဆရာဘ၀မှာ လေးစားစရာကောင်းတဲ့တပည့်တွေ နှစ်ယောက်ထက်ပိုပြီးရှိခဲ့ပါတယ်။
ပထမတပည့်အကြောင်းအရင်စ ပြောပါမယ်။
သူက ကျောင်းသူတစ်ဦးပါ။
ကျမတို့ကျောင်းမှာ ကျောင်းသား/သူများ ဆံပင်ဆေးဆိုးခြင်းကို တားမြစ်ထားပါတယ်။
ကျမကလည်း စီမံခန့်ခွဲရေးဘက်က တာဝန်ရှိသူတစ်ဦးအနေနဲ့ ဒီကိစ္စအတွက် ကိုယ့်တပည့်တွေကို အမြဲပြောဆိုဆုံးမနေရပါတယ်။
တစ်ရက်မှာ ကျောင်းသူတစ်ဦး ကျမဆီရောက်လာတယ်။
သူ့လာရင်းကိစ္စမမေးခင်မှာဘဲ ဆံပင်ဆိုးထားတာ တွေ့သွားပြီး အမြဲပြောဆိုဆုံးမနေတဲ့ကြားက ဒီလိုလုပ်ရသလား ဆိုပြီး ပြစ်တင်ဆုံးမ (ဆူ) လိုက်ပါတယ်။
သူမက တိတ်ဆိတ်စွာပြန်သွားခဲ့ပါတယ်။
နောက်တစ်ရက်မှာ ကျမဆီပြန်ရောက်လာပြန်ပါတယ်။
ဒီတစ်ခါတော့ ဆံပင်ကို မူလအတိုင်းအနက်ရောင်ပြန်ဆိုးထားပါတယ်။
သူမက ကျမကို ထိုင်ပြီးကန်တော့တောင်းပန်ဘို့လုပ်ပါတယ်။
ကျမက ဒီလောက်ထိမလိုတဲ့အကြောင်း၊ ဆံပင် ဆေးပြန်ဆိုးပြီးပြီဆိုရင် ရပြီလို့ ပြောလိုက်ပါတယ်။
ဒီတော့မှ သူမက ကျမကိုပြောပါတယ်။
မနေ့က သူ့ကိုကျမဆူလိုက်တဲ့အချိန်မှာ သူ့စိတ်ထဲ ကျမအပေါ် ညိုငြင်တဲ့စိတ်လေးဖြစ်သွားမိပါတယ်။
အဲဒီလိုဖြစ်ခဲ့မိတာကို ပြန်တောင်းပန်ချင်တာပါတဲ့။
ကျမအရမ်းအံ့သြသွားခဲ့ပါတယ်။
သူ့စိတ်ထဲမှာ ဖြစ်သွားတာ သူပြောမှကျမသိတာပါ။
သူ့အမူအရာမှာဘာမှမမြင်လိုက်ရပါဘူး။
သူ့စိတ်ထဲမှာ လူမသိ သူမသိ ရုတ်တရက်ဖြစ်သွားတဲ့အမှားကိုတောင် ထုတ်ဖော်ပြောပြ တောင်းပန်တဲ့ တပည့်ကို ကျမမလေးစားဘဲ မနေနိုင်ဖြစ်ခဲ့ရပါတယ်။
နောက်တစ်ယောက်ကတော့ ကျောင်းသားပါ။ အဲဒီအချိန်မှာ သူက ကျောင်းသားဆိုပေမယ့် ကျမ မသင်ရတော့တဲ့ကျောင်းသားပါ။
သူနဲ့ကျမ အလုပ်ကိစ္စတစ်ခုကြောင့်ရန်ကုန်မှာ ရောက်နေကြတဲ့အချိန်ပါ။
သူ့ကိစ္စတစ်ခုအရေးတကြီးဖြစ်လာတာကြောင့် သူဟာ ရှုပ်ထွေးနေတဲ့ ကားလမ်းကို ဖြတ်ကူးဘို့လုပ်ပါတယ်။
ကျမက စိုးရိမ်စိတ်နဲ့ သိပ်မလောဘဲ အေးအေးဆေးဆေးလုပ်ဘို့ပြောပြီး သူ့ဘေးကနေလိုက်သွားခဲ့ပါတယ်။
နောက်တစ်ရက် ကိစ္စတွေအားလုံးပြီးလို့ လိုင်းကားပေါ်မှာ နေရာကိုယ်စီ ရကြတဲ့အချိန်မှာ သူက ကျမကိုပြောပါတယ်။
ဆရာမကို ကျနော် တောင်းပန်စရာရှိတယ်တဲ့။
ကျမက ဒီလောက်အလုပ်တွေရှုပ်နေပြီး အပြန်အလှန်ကူညီလုပ်ကိုင်နေတဲ့အချိန်မှာ သူက ကျမကိုတောင်းပန်စရာဘာများလုပ်ခဲ့မိတာပါလဲပေါ့။
ကျမစိတ်ထဲမှာတော့ စိတ်ဆိုးစရာဘာမှမရှိခဲ့ဘဲကိုး။
ဒီတော့မှ သူကရှင်းပြတယ်။
မနေ့က သူ့ကိစ္စအရေးကြီးနေတဲ့အချိန်မှာ ကျမက သူ့ကို မလောနဲ့လို့ ပြောလိုက်တော့ သူ့စိတ်ထဲမှာ ဆရာမအပေါ် တစ်မျိုးဖြစ်သွားခဲ့တယ်တဲ့။ (ကျမအထင်တော့ ကျမက ကျမကိစ္စမဟုတ်လို့ အေးအေးဆေးဆေးလုပ်ဘို့ပြောတယ်လို့ သူယူဆလိုက်မိတာထင်ပါတယ်။ သူကသေချာတော့ရှင်းမပြပါဘူး။)
ဒါပေမယ့် သူ့စိတ်ထဲဒီလိုဖြစ်သွားတယ်ဆိုတာကို ကျမမသိပါဘူး။
ဘယ်သူမှမသိလိုက်တဲ့ သူ့စိတ်ထဲက အမှားကို ထုတ်ပြောပြီး တောင်းပန်တဲ့တပည့်ကို ကျမခွင့်မလွှတ်ဘဲမနေနိုင်တဲ့အပြင် ဒီနေ့ဒီအချိန်ထိ အဲဒီအပြုအမူအတွက် လေးစားစရာကောင်းတဲ့ တပည့်စာရင်းထဲမှာအမြဲပါနေပါတော့တယ်။

0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home