Sunday, August 12, 2012

မှတ်ပုံတင်တစ်ကတ် ငွေတစ်ကျပ်နဲ့ရခဲ့ဘူးတယ် ဒါပေမယ့်

အရေးအခင်းဖြစ်ပြီးကာစမှာ ကျမမှတ်ပုံတင်ကျပျောက်သွားခဲ့ပါသည်။
ထိုစဉ်က မှတ်ပုံတင်လုပ်ရသည်မှာ အလွန်ခက်ခဲပါသည်။
ဘာဘာညာညာ မြိုးမြိုးမြက်မြက်ပေးနိုင်မှ ရနိုင်သောခေတ်ဖြစ်သည်။
ထိုခေတ်ပျက်မှာမှ ကျမမှတ်ပုံတင်ပျောက်ခဲ့ရလေသည်။
အိမ်မှလူကြီးများကိုလည်းအသိမပေးရဲပါ။
ငွေကုန်မည့်ကိစ္စကို လုပ်ရကောင်းလား၊ နမော်နမဲ့နိုင်ရကောင်းလား အဆူခံရမည်ကျိန်းသေဖြစ်သည်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်လုပ်ရအောင်ကလည်း ပိုက်ဆံမရှိပါ။
အရေးအခင်းပြီးကာစ ကျောင်းများပိတ်ထားသဖြင့် မုန့်ဘိုးလည်းမရပါ။
မှတ်ပုံတင်ရုံးမှာ လိုင်းကားဖြင့်သွားလျှင် အနည်းဆုံးကား ၃ ဆင့်စီးမှရောက်ပါသည်။
တကယ်တော့ အဲဒီလောက်ဝေးတာမဟုတ်ဘဲ လိုင်းကားလမ်းမသင့်သောကြောင့်ဖြစ်သည်။
ဆိုက်ကားစီးသွားဘို့တော့ စိတ်ကူးပင်မယဉ်မိပါ။ လိုင်းကား လမ်းမသင့်သောနေရာမို့ ဆိုက်ကားဆရာများမိုးကောင်းသောနေရာဖြစ်သည်။
ဒီတော့ကျမဘာလုပ်ပါသလဲ။
လမ်းလျှောက်သွားပါသည်။ အသွားတစ်နာရီ အပြန်တစ်နာရီခန့်လျှောက်ရပါသည်။
တစ်ပါတ်တစ်ခါသွားရပါသည်။
သွားတိုင်းလည်းအဆင်မပြေပါ။
အကြောင်းတစ်ခုမဟုတ် တစ်ခုဖြင့် ပြန်ခဲ့ရသည်သာဖြစ်သည်။
သူတို့က ကျမဆီကတစ်စုံတစ်ရာထွက်လာမလားဟု မျှော်လင့်ထားဟန်တူပါသည်။
ခဏ ခဏ အချိန်းခံရလျှင် ကျမသဘောပေါက်သွားမည်ဟု ယူဆထားပုံပေါ်သည်။
အမှန်က ကျမသဘောပေါက်ပါသည်။
လူကြီးများမသိအောင်လုပ်နေရခြင်းမို့ ပေါက်စရာမရှိခြင်းဖြစ်သည်။
လ အတော်ကြာသည်အထိ ချိန်းတိုင်းရောက်လာတတ်ပြီး အကြောင်းပြချက်မျိုးစုံဖြင့် ထပ်မံချိန်းဆိုတိုင်း ဘာမှစောဒက မတက်ဘဲ ပြန်သွားတတ်သောကျမသည် သူတို့အတွက် အနည်းငယ်ထူးဆန်းနေပုံရပါသည်။
ကြာတော့ သူတို့ ကျမကို သဘောပေါက်သွားကြပါသည်။
ကျမဆီက ဘာဘာညာညာ လာမှာမဟုတ်မှန်းသိသွားကြပါသည်။
တစ်ရက် ကျမရောက်သွားတဲ့အချိန်မှာ ကျမကို ဒီနေ့မှတ်ပုံတင်ထုတ်ပေးမည့်အကြောင်းနှင့် ဒဏ်ငွေပေးဆောင်ရမည့်အကြောင်းပြောပါသည်။
ဒဏ်ငွေပေးရမည်ဆိုသည်ကိုတော့ကြိုတင်သိပြီးသားမို့ သွားသည့်အခါတိုင်းဆောင်ယူသွားခဲ့ပါသည်။
ဒဏ်ငွေဘယ်လောက်ပေးရမလဲ ဟုမေးသောအခါ တစ်ကျပ်ဟု ပြောပါသည်။
ကျမ အသင့်ဆောင်ယူလာသော ငွေတစ်ကျပ်အားထုတ်ပေးပြီး မှတ်ပုံတင်အသစ်ကလေးကိုင်ကာပြန်လာခဲ့ပါသည်။
စိတ်ထဲမှလည်း မှတ်ပုံတင်လုပ်ဘို့ ငွေအများကြီးပေးရတယ်ဆိုတယ် ဘယ်မှာဟုတ်လို့လဲ။
ခု ငါ့ကို တစ်ကျပ်ဘဲ တောင်းလိုက်တယ် ဟုဆိုကာ ပီတိဖြစ်ပြီးပြန်လာခဲ့ပါသည်။
အိမ်ပြန်ရောက်လျှင် မှတ်ပုံတင်လည်းပြန်ရပြီမို့ အိမ်ကလူတွေကို အမှန်အတိုင်းပြောပြလိုက်တော့မည်။
ကျမလူကြီးတွေကို ဒုက္ခမပေးတတ်တာ၊ ဇွဲလုံ့လ ကြီးတာ၊ နောက်ဆုံး ငွေတစ်ကျပ်နဲ့ မှတ်ပုံတင်ပြန်လုပ်နိုင်ခဲ့တာပြောပြမည်ဟု စိတ်ဆုံးဖြတ်ခဲ့ပါသည်။
အိမ်ရောက်တော့ ကျမကို ဘယ်လျှောက်သွားနေသလဲဟုမေးပါသည်။
ကျမက အားတက်သရောဖြေမည်အပြုတွင်ပင် ခုဘဲ ရ၀တ (ထိုစဉ်က ရ၀တ ခေတ်)လူကြီးရဲ့သားလာသွားတယ်၊ ကျမမှတ်ပုံတင်ကို တစ်ယောက်ယောက်က ကောက်ရပြီး သူတို့ဆီလာပေးသွားလို့ အိမ်ကိုလာပို့တာ ဟုပြောပြီး ကျမ၏လအတန်ကြာပျောက်ဆုံးသွားသော မှတ်ပုံတင်လေးကိုထုတ်ပေးပါတော့သည်။




0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home